Team Canvas

Startup တစ်ခုတွင် ရင်းနှီးမြှုပ်နှံဖို့ ရင်းနှီးမြှုပ်နှံလိုသူများ စဉ်းစားချင့်ချိန် သုံးသပ်ရာတွင် အဓိကထားသည့် အချက်မှာ ၎င်း၏ ပူးတွဲတည်ထောင်သူများနှင့် အစုအဖွဲ့ ဖြစ်သည်။ Startup တစ်ခုတွင် idea သည်သာ အရေးပါသည်ဟု လွဲမှားစွာ ထင်မြင်ယူဆ ချက်များလည်းရှိသည်။

Startup တစ်ခုတည်ထောင်ခြင်းသည် ဖြေရှင်းမည့်အရာ (problem)၊ ဖြေရှင်းသည့်ပုံစံ (solution)၊ စျေးကွက်အနေအထား (market) ကို ရေရှည် စီးပွားဖြစ်နိုင်သည့် အနေအထားရောက်အောင် ဖော်ဆောင်ခြင်းဖြစ်သည်။ ထိုသို့ ဖော်ဆောင်ရာတွင် မသေချာမရေရာခြင်း များစွာကို အရင်းအမြစ် အနည်းအကျဉ်းဖြင့် အတတ်နိုင်ဆုံး ကိုင်တွယ်ဖြေရှင်းရသည်။

ထို့ကြောင့် ကနဦး စိတ်ကူးစိတ်သန်းများသည် လုပ်ရင်းကိုင်ရင်း စျေးကွက်နှင့် ကိုက်ညီသည့် အနေအထား ရောက်ရှိသောအခါ မူလအနေအထားဖြင့် များစွာကွာခြားနေတတ်သည်။ အဓိက အရေးကြီးသည်မှာ ထိုကဲ့သို့ စျေးကွက်နှင့်ကိုက်ညီသည့် အနေအထား ရောက်ရှိအောင် စွမ်းဆောင်နိုင်သည့် အစုအဖွဲ့ပင် ဖြစ်သည်။

Startup နှင့်ပတ်သက်ပြီး စီးပွားရေး အပိုင်း စီမံခန့်ခွဲရန် Business Model Canvas နှင့် Lean Canvas တို့ကို အသုံးပြုနိုင်သကဲ့သို့ စွမ်းရည်မြင့် အစုအဖွဲ့ကို စုစည်းပျိုးထောင် ရာတွင်လည်း Team Canvas http://theteamcanvas.com/ ကို အသုံးပြုနိုင်သည်။

Breaking the Invisible Iceberg

အစုအဖွဲ့ တစ်ခု ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်သည်မှာ တစ်ဉီးတစ်ယောက်ခြင်း၏ အရည်အခြင်းအပြင်၊ တစ်ဉီးပေါ်တစ်ဉီး သိရှိနားလည်နိုင်ဖို့ လိုအပ်သည်။ အစုအဖွဲ့အများစုသည် လုပ်ငန်းဆောင်တာပေါ်တွင်သာ အာရုံစိုက်တတ်ကြပြီး၊ အစုအဖွဲ့၏ အရေးကြီးကိစ္စရပ်များကို မပြောဖြစ် မဆွေးနွေးဖြစ်ကြပေ။ Team Canvas သည် အစုအဖွဲ့တစ်ခုအတွင်း ပြောဆိုဆွေးနွေး နားလည်သင့်သည့် အရာများကို စဉ်းစားတိုင်ပင်ဆွေးနွေးနိုင်အောင် အထောက်အကူပြုပေးသော ကိရိယာ တစ်ခုဖြစ်သည်။

အစုအဖွဲ့ ဖွဲ့စည်းပျိုးထောင်ရာတွင် မြင်ရန်လွယ်သည့် အရာများ နှင့် သတိမထားမိသည့ အရာများကို ထုတ်ဖော်ဆွေးနွေးသင့်သည်။ အစုအဖွဲ့သည် လူအများဖြင့် ဖွဲ့စည်းထားသည်ဟု ခံယူပါက အဖွဲ့ဝင် တစ်ဉီးစီ၏ ရည်မှန်းချက်များ၊ တန်ဖိုးများ၊ အားသာချက်များ၊ အားနည်းချက်များ အားလုံးကို သိရှိနားလည်ကာ အဖွဲ့အစည်း၏ ဦးတည်ချက်၊ ဖော်ဆောင်မည့် ပုံစံကို ချမှတ်ပါက စွမ်းရည်မြင့် ထိရောက်သည့် အသင်းအဖွဲ့ ဖော်ဆောင်နိုင်မည်။

Team Canvas ကို အသုံးပြုရာတွင် ပုံစံ ၂မျိုးရှိပြီး အခြေခံ (lite) နှင့် အဆင့်မြင့် (full) တို့ဖြစ်သည်။ ပထမ အစမ်းအနေဖြင့် အခြေခံ canvas ကိုအသုံးပြုနိုင်သည်။

Team Canvas Full Team Canvas Lite

Team Canvas Basic ကို အသုံးချရန် အတွက် ၃၀ မိနစ်လောက် အသုံးပြုရမည်ဖြစ်ပြီး။

  1. GOALS – ပထမ ၅ မိနစ်အတွင်း အဖွဲ့၏ ဦးတည်ချက်များ ကိုရေးမှတ်ပါ။ အဖွဲ့ဝင် တစ်ယောက်စီ၏ ဦးတည်ချက်များပါ ရေးမှတ်ပါ။ ဦးတည်ချက်များသည် အချိန်ကာလ အပိုင်းအခြား တစ်ခုအတွင်း အကောင်အထည် ဖော်နိုင်ပြီး၊ တိကျစွာ တိုင်းထွာနိုင်သည့် ဦးတည်ချက်မျိုးများ ဖြစ်ရမည်။

ဥပမာ။ ၂၀၁၈ နှစ်မကုန်မှီ လစဉ် သုံးစွဲသူပေါင်း ၁ သိန်း ရှိရမည်။

  1. ROLES and SKILLS – ဒုတိယ ၅ မိနစ်အတွင်း တစ်ဦးစီ၏ တာဝန်နှင့် ကျွမ်းကျင်မှုများ ရေးမှတ်ပါ။ အချို့အဖွဲ့ဝင်များ၏ ကျွမ်းကျင်မှုများသည် ၎င်းတို့၏ တာဝန်ပြင်ပတွင် အသုံးတည့် နိုင်သည်။

ဥပမာ။ အမည် − မောင်မောင်၊ တာဝန် − အရောင်းမြှင့်တင်ရေးမှူး၊ ကျွမ်းကျင်မှု − အရောင်းမြှင့်တင်ရေး၊ ဒီဇိုင်း။ အမည် − မမ၊ တာဝန် − စာရင်းချုပ်၊ ကျွမ်းကျင်မှု − စာရင်းကိုင်၊ risk management

  1. PURPOSE – အချိန် ၁၀ မိနစ်ယူ၍ ဘာကြောင့် ငါတို့တွေ ငါတို့လုပ်နေသည့် အရာတွေကို ကြိုးစားလုပ်ကိုင်နေရတာလဲကို ဆွေးနွေးရေးမှတ်ပါ။ အခက်အခဲကြုံလာသည့်တိုင် ရှေ့ဆက်ကြိုးစားဖို့ တွန်းအားပေးသည့် အဓိကအရာမှာ PURPOSE ပင်ဖြစ်သည်။ ငါတို့ ဘာကြောင့် လုပ်နေရသလဲ သိရှိမှသာ အစုအဖွဲ့ အနေဖြင့် နားလည်မှုရှိရှိ ရှေ့ဆက်သွားနိုင်မည်။

ဥပမာ။ ငါတို့ရဲ့ app နှင့် အများပြည်သူတွေ သွားရေးလာရေး လွယ်ကူစေရမည်။ ငါတို့ရဲ့ app ကို အသုံးပြုပြီး လူငယ်များ သင်ယူချင်သည်များကို လွယ်ကူ သက်သာစွာ သင်ယူနိုင်ရမည်။

  1. VALUES – အချိန် ၅ မိနစ်ယူ၍ ငါတို့ရဲ့ တန်ဖိုးတွေက ဘာလဲ၊ ငါတို့ ဘာအတွက် ရပ်တည်တာလဲ၊ ဘယ်အရာတွေက ငါတို့ကို ပဲ့ပင်ထိန်းပေးနေမှာလဲကို ဆွေးနွေးရေးမှတ်ပါ။ ထိုမှသာ အဖွဲ့၏ ဘုံတန်ဖိုးနှင့် ရပ်တည်ချက်များကို သတ်မှတ်ပါ။

ဥပမာ။ ယုံကြည်မှုကို အခြေခံ၍ လွတ်လပ်စွာ လုပ်ငန်းဖော်ဆောင်နိုင်သည်။ ငါတို့ အချင်းချင်း ပွင့်လင်းမြင်သာစွာ တိုင်ပင်ဆွေးနွေးရမည်။

  1. RULES and ACTIVITIES – နောက်ဆုံး ၁၀ မိနစ်အတွင်း အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းဆောင်တာများကို ဆွေးနွေးရေးမှတ်ပါ။ အရှေ့ အပိုင်းများတွင် ဆွေးနွေးရေးမှတ် ထားသည်များကို ဖော်ဆောင်ရန်အတွက် ဖြစ်သည်။

ဥပမာ။ ပွင့်လင်းမြင်သာရန်အတွက် အပတ်စဉ် အစည်းအဝေးတွင် အားလုံးပါဝင်ဆွေးနွေးပါ။ တစ်နှစ်အတွင်း သုံးစွဲသူ ၁ သိန်းရရန် အတွက် လစဉ် ၁ သောင်းရရန် အနဲဆုံး ကျောင်း ၅ ကျောင်းသို့သွား၍ ပညာပေးပွဲ ပြုလုပ်ပါ။