Minimum Viable Product (Part 1)

Minimum Viable Product (MVP) ဆိုသည့ ဝေါဟာရကို သိကြသော်ငြား၊ အဓိပ္ပါယ်ကို အမျိုးမျိုး ဖွင့်ဆို နားလည်တတ်ကြသည်။ MVP တစ်ခု တွင် ဘာပါသင့်တယ်၊ ညာပါသင့်တယ်၊ ဘာမပါသင့်ဘူး၊ ညမပါသင့်ဘူး ဟု ယတိပြတ် မပြောနိုင်ပါ။

MVP ဆိုတာ ဘာကြောင့် လုပ်သင့်သလဲ၊ ဘယ်လို လုပ်သင့်သလဲ ဆိုတာ ပိုအရေးကြီးမှာပါ။ ပထမ အနေနှင့် MVP တွင်ပါရှိသည့် စာလုံးတစ်လုံးစီကို ဆန်းစစ်ကြည့်ပါစို့။

Minimum Viable Product

M = Minimum
MVP တည်ဆောက်ရာတွင် အနဲဆုံး အချိန်၊ လူအင်အား နှင့် အခြားအရင်းအမြစ် ကိုသာအသုံးပြုရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် မည်သည့်အရာသည့် အလိုအပ်ဆုံးဖြစ်သနည်းကို သုံးသပ်နိုင်ရမည်။ အလိုအပ်ဆုံး အဖြစ်သင့်ဆုံး တစ်ခုကို အချိန် အနဲဆုံး၊ အင်အား အနဲဆုံး၊ မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် တည်ဆောက်နိုင်ရမည်။

V = Viable
Viable ဖြစ်သည်ဟု ဆိုလိုခြင်းမှာ ရည်ရွယ် ဖြေရှင်းသည့် ဦးတည်ချက်အတွက် ဖြေရှင်းရန် အသုံးတည့်သည်ကို ဆိုလိုခြင်း ဖြစ်သည်။ တနည်းအားဖြင့် သုံးစွဲသည့် လူအား value တစ်ခု ပေးစွမ်းနိုင်ရမည်။

P = Product
Product ဟု အလေးထား ရည်ညွှန်းရခြင်းမှာ စျေးကွက်မှ လက်ခံကာ ထိုက်သင့်သည့် နှုန်းထားတစ်ခု ပေးနိုင်မည့် ဖြေရှင်းနည်းတစ်ခုဟု ဆိုလိုခြင်းဖြစ်သည်။ ဖြေရှင်းသည့်နည်းလမ်း solution သည် စျေးကွက်ဝင်ပါက product ဟုရည်ညွှန်းနိုင်သည်။

ဘာကြောင့် MVP လုပ်ရတာလဲ။

Startup အနေနဲ့ ငွေအရင်းအနှီး၊ လူအင်အား၊ အချိန် နှင့် အစစအရာရာ နည်းပါးသောကြောင့်၊ ရည်ရွယ်ဖြေရှင်းသည့် ပြဿနာအတွက် အသုံးတည့်ပြီး စျေးကွက်မှ လက်ခံသည့် product တစ်ခုတည်ဆောက်ရန် ချွေချွေတာတာနှင့် မြန်မြန်ဆန်ဆန် တည်ဆောက်နိုင်ရမည်။

စျေးကွက်က ဘယ်လိုမျိုးလိုအပ်သည်ကို စိတ်ကူးတွေးတောနေမည့် အစား စျေးကွက်သို့ အမြန်ဆုံး ချပြပြီး စျေးကွက်မှ တုန့်ပြန်မှုများ၊ အကြံဉာဏ်များ ရယူကား ဆင့်ကဲ တည်ဆောက်ခြင်းက ပို၍ အကုန်အကျ သက်သာစွာ အကျိုးရှိရှိ တည်ဆောက်နိုင်မည်။

Startup အများစု၏ အမှားမှာ ကိုယ်ပိုင် စိတ်ကူးထဲရှိ အရာများကို အချိန်တစ်ခုယူကာ တည်ဆောက်ပြီးမှ စျေးကွက်ကို ထိုးဖောက်ခြင်းကြောင့် အချိန်နှောင်းပြီး ဆက်လက်ရပ်တည်ရန် မဖြစ်နိုင်ပဲ ပိတ်လိုက်ရခြင်းဖြစ်သည်။

Minimum Viable Product

ဘယ်လို MVP လုပ်ဆောင်မလဲ။

MVP သည် အဆင့်ဆင့် တိုင်းတွင် အချိန်အနဲဆုံး၊ အရင်းအမြစ်အနဲဆုံးဖြင့် တည်ဆောက်နိုင်ရမည်။ ထိုသို့ တည်ဆောက်ရာတွင်လည်း MVP အဆင့်ဆင့် တိုင်းသည် အသုံးပြုနိုင်ရမည်။ အဆင့်ဆင့်တိုင်းကို စျေးကွက်မှ လက်ခံနိုင်သည့် အနေအထားဖြစ်ရမည်။

သင်၏ ရည်ရွယ်ဖြေရှင်းသည့် အရာတစ်ခုသည် ၁ နေရာမှ အခြား ၁ နေရာသို့ ပို့ဆောင်ခြင်းဖြစ်ပါက၊ သင့် တည်ဆောက်မှုသည် အပေါ်ပုံပါအတိုင်း ပထမအဆင့်တွင် ဘီး ၁လုံး တည်ဆောက်ခြင်း၊ နောက်အဆင့်တွင် နောက် ဘီး ၁လုံး၊ နောက်တွင် ကားဘော်ဒီ အခွံ၊ နောက်တွင်မှာ စတီယာကွင်းနှင့် စက်ပစ္စည်းများ တပ်ဆင်ပြီးမှသာ စတင် စျေးကွက်သို့ ချပြ မိတ်ဆက်နိုင်မည်။ စျေးကွက်က မကြိုက်ပါက သင်သည် အဆင့် ၄ ဆင့်အတွက် အချိန်နှင့် အရင်းအမြစ်များ များစွာ အသုံးချလိုက်ပြီးဖြစ်မည်။

၁ နေရာမှ အခြား ၁ နေရာသို့ ပို့ဆောင်ရန် MVP တွေးခေါ်ပုံအတိုင်း၊ အဆင့်ဆင့် MVP ဖြစ်ရမည် ဆိုပါက၊ ပထမ အဆင့်တွင် ၁ နေရာမှာ အခြား ၁နေရာသို့ အြမန်သွားနိုင်ရန် ဘီးပါသည့် စကိတ်မျိုးကို တည်ဆောက်မည်။ ရည်ရွယ်ချက်ကို ပြည့်မှီပြီး အလျှင်အမြန် တည်ဆောက်နိုင်ကာ သုံးစွဲသူထံသို့ ချပြနိုင်ပြီး၊ အကြံပြုချက်များ ရရှိနိုင်မည်။ အကြံပြုချက်များပေါ်မူတည်၍ နောက်အဆင့် MVP များကို အမြန်ဆုံး တည်ဆောက်ကာ၊ အဆင့်ဆင့်တိုင်းတွင် စျေးကွက်ဝင်နေမည်ဖြစ်သည်။

သာမာန် product တည်ဆောက်မှုနှင့် MVP တည်ဆောက်မှု ကွာခြားခြင်းမှာ ရည်ရွယ်ဖြေရှင်းသည့် ဦးတည်ချက် တူတော်ငြား၊ အကောင်အထည် ဖော်ပုံ ကွာခြားခြင်းဖြစ်သည်။ MVP တည်ဆောက်မှု အတိုင်းသွားပါက စျေးကွက်ထဲသို့ အမြန်ဆုံးရောက်ရှိ၊ အကြံဉာဏ် ရယူနိုင်ကာ၊ အဆင့်ဆင့် အတိုင်းတွင် စျေးကွက်ဝင်ပြီး ဝင်ငွေရရှိနိုင်မည်။

နောက်အပါတ်များတွင်

− MVP ကို အောင်မြင်စွာ အသုံးပြုခဲ့သည် ဥပမာများ (Part 2)
− MVP ကို user story mapping သုံးပြီး ဘယ်လို ပုံဖော်နိုင်သလဲ (Part 3)

တို့ကို ဆွေးနွေးတင်ပြပါမည်။ မျှော်။