Innovation S-Curve

ဆန်းသစ်တီထွင်မှု (innovation) နှင့် နည်းပညာ အခြေခံသော စီးပွားရေး လုပ်ငန်းများအနေနှင့် ဆန်းသစ်တီထွင်မှုများကို စျေးကွက်အတွင်း ထိုးဖောက်ရာတွင် သိသင့်သည် သီအိုရီ ၂ ခုဖြစ်သော Innovation S-curve နှင့် Diffusion of Innovations တို့ကို ဆွေးနွေးမှာဖြစ်ပါသည်။

ဆန်းသစ်တီထွင်မှုများ အမျိုးမျိုးရှိပြီး၊ Oslo OECD Manual အရ အဓိက ၄ မျိုးသတ်မှတ်ထားရာ

Product/service innovation − ရောင်းကုန် သို့မဟုတ် ဝန်ဆောင်မှု တို့အား ပိုမိုကောင်းမွန်အောင် ဆန်းသစ်တီထွင် ထားခြင်း

Process innovation − ရောင်းကုန် ထုတ်လုပ်သည့် နည်းလမ်းအား ဆန်းသစ်တီထွင် ထားခြင်း၊ ဝန်ဆောင်မှုပေးသည့် ပုံစံအား ဆန်းသစ်တီထွင် ထားခြင်း

  1. Organizational innovation − စီးပွားရေး ဖွဲ့စည်းလုပ်ကိုင်ပုံ (အတွင်းပိုင်း နှင့် အပြင်ပိုင်း)
  1. Marketing innovation − packaging ထုပ်ပိုးပုံ၊ pricing ရောင်းစျေးပုံစံ၊ promotion အရောင်းမြှင့်တင်ပုံ၊ positioning စျေးကွက်နေရာချထားပုံ တို့တွင် ဆန်းသစ်တီထွင် ထားခြင်းတို့ဖြစ်သည်။

ဥပမာ။ Oway Ride နှင့် Grab တို့လို အငှားယာဉ်လုပ်ငန်းများကို ဆန်းစစ်ကြည့်ပါစို့။

ထိုဝန်ဆောင်မှုလုပ်ငန်းများသည် ယခင်က ဝန်ဆောင်မှုများထက် တစ်မူထူးအောင် အိမ်အရောက်ကြိုပေးခြင်း၊ ကားအမျိုးအစား ရွေးချယ်ခွင့်ပေးခြင်းတို့အပြင် အခြားပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ (services) ကိုပေးသည်။ ထို့အပြင် စီးပွားရေး ဖွဲ့စည်းလုပ်ကိုင်ရာတွင်လည်း ကားရှိပြီးသော ကားမောင်းသမားများကို အလုပ်ရှိမှသာ အလုပ်ချပေးသောစနစ်ကို သုံးပြီး ယခင်ကဲ့သို့ ကားများဝယ်ယူပြီး အငှားပြန်ချသော ဖွဲ့စည်းပုံနှင့် ကွဲပြားသည့် ဖွဲ့စည်းပုံဖြင့် (organization) လုပ်ကိုင်သည်။ စျေးကွက်ထိုးဖောက်ရာတွင်လည်း ဝန်ဆောင်ခ သတ်မှတ်ပုံ၊ အရောင်းမြှင့်တင်ပုံ (marketing) တို့တွင် ဆန်းသစ်သည့်အသွင်ဖြင့် ထိုးဖောက်လျှက်ရှိသည်။

 

Innovation S-curve

Innovation S-curve သည် ဆန်းသစ်တီထွင်ထားသော အရာတစ်ခု၏ သက်တမ်းတစ်လျှောက်အား ပုံဖော်သည့်နေရာတွင် အသုံးပြုသည်။ နည်းပညာတစ်ခု၏ သက်တမ်းတစ်ခုအတွင်း အစပျိုးမှုမှစ၍ သက်တမ်းကုန်ဆုံး သည်အထိ အဆင့် ၄ ဆင့်ကိုဖြတ်သန်းရသည်။ နည်းပညာတစ်ခုအား သုံးသပ်ရာတွင် ၎င်း၏ ကာလအပိုင်းအခြားကို အခြေခံ သုံးသပ်ပါက ပိုမိုအပ်စပ်သည့် ကောက်ချက်များ ချမှတ်နိုင်မည်။

Innovation S Curve

Innovation S-curve ၏ အဆင့် ၄ ဆင့်မှာ

  1. 1) Era of ferment − ကနဦး အစပျိုးချိန် ဖြစ်ပြီး နည်းပညာမှာ စျေးကွက်အတွင်း အရမ်းစောနေပြီး၊ နည်းပညာအား စျေးကွက်နှင့်ကိုက်ညီရန် သုတေသန နှင့် ထုတ်လုပ်မှု အားကြိုးပန်းအားပြိုင်နေရချိန်ဖြစ်သည်။
    2) Takeoff − နည်းပညာအား စျေးကွက်မှ လက်ခံသည့်အနေအထားရှိနေပြီး၊ စျေးကွက်အတွင်း အဟုန်ဖြင့် ထိုးဖောက်နေရာယူနေသည့် အချိန်ဖြစ်သည်။
    3) Maturity − စျေးကွက်အတွင်း အပြည့်အဝလက်ခံမှုရရှိနေပြီး၊ စျေးကွက်ပြိုင်ဆိုင်မှုမှာ နည်းပညာထက် ရောင်းစျေးအား နဲသထက်နဲအောင် ပြိုင်ဆိုင်နေသည့် အခြေအနေဖြစ်သည်။
    4) Discontinuity − ဤအချိန်သည် နောက်ထပ် ဆန်းသစ်တီထွင်ထားသော နည်းပညာ တစ်ခု သည် အစပျိုး အစားထိုးနေရာ ရယူလာသည့် အနေအထားဖြစ်ပြီး၊ ယခု နည်းပညာမှာ ခေတ်ကုန်တော့မည့် အခြေအနေတွင်ရှိသည်။

Discontinuity and Disruption

  • ယခု အသုံးပြုလျှက်ရှိသော နည်းပညာတွင် အစားထိုး ယှဉ်နိုင်ရန် အခြား ဆန်းသစ်တီထွင်ထားသော နည်းပညာများက အစဉ်အမြဲ ယှဉ်ပြိုင်နေရာ ၎င်းတို့အထဲမှ နည်းပညာ တစ်ခုသည် စျေးကွက်မှ လက်ခံသည့် အနေအထားရရှိပါက ယခု စျေးကွက်ထဲရှိ နည်းပညာကို အစားထိုး အဆုံးသတ် (discontinuity) စေနိုင်သည်။

    ထိုအချက်နှစ်ချက်ကို သတိပြု၍ သင်၏ ဆန်းသစ်တီထွင်မှုကို စျေးကွက် အတွင်းထိုးဖောက်နိုင်ရန် ကြိုးစားရာတွင်၎င်း၊ စျေးကွက် အတွင်းရှိပြီးသော သင်၏ ဆန်းသစ်တီထွင်မှုကို အစားထိုးခံရမည့် (disruption) အန္တရယ်ကို၎င်း သတိပြုနိုင်မည်ဖြစ်သည်။

    Discontinuity and Disruption

Discontinuity and disruption အဆင့်ဆင့်နှင့် innovation s-curve များကို နားလည်ရန် တေးသီချင်း နားစဉ်ရာတွင် အသုံးပြုသည့် နည်းပညာခေတ် အဆက်ဆက်ကို ဥပမာအဖြစ် ကြည့်ကြပါစို့။ ယခင် ဓါတ်ပြားကြီး စက်ပေါ်လည်သည့်အဆင့်မှ သံလိုက်ဓါတ်သုံး ကက်ဆက်ခွေအဆင့်၊ ထို့နောက် လေဆာရောင်ခြည်အသုံးပြု စီဒီအဆင့်၊ ထို့နောက် ဖုန်းပေါ်တွင် အင်တာနက်မှ လိုအပ်သည့်အချိန်တွင် တိုက်ရိုက်နားထောင်နိုင်သည့် အဆင့်သို့ ခေတ်အဆက်ဆက်ပြောင်းလဲလာပုံကို innovation s-curve များဖြင့် နားလည်ပုံဖော်နိုင်သည်။

Jump to New Curve

 

 

ဆိုတော့ကာ ကိုယ့်ရဲ့ ရောင်းကုန်ဖြစ်စေ၊ ဝန်ဆောင်မှုဖြစ်စေ စျေးကွက်နှင့် ဆက်လက် သက်ဆိုင်နေနိုင်ဖို့ နောက်ပေါ်လာမည့် s-curve ကို ကိုယ်တိုင်ပုံဖော်မလား၊ တခြားမှ ဝယ်မလား။ သို့မဟုတ် ဘယ် s-cuve က အောင်မြင်သည့် s-curve ဖြစ်လာမည်ကို ဘယ်လိုလုပ်ပြီး သိနိုင်မလဲ။

Diffusion of Innovations

၁၉၆၂ မှာ ထုတ်သည့် Everett Rogers ရဲ့ Diffusion of innovations စာအုပ်မှာ နည်းပညာ နှင့် ဆန်းသစ်သော အတွေးအခေါ်များ ပျံ့နှံ့ပုံကို Diffusion of innovations သီအိုရီကို အသုံးပြု၍ သုံးသပ်ပြထားသည်။ ဆန်းသစ်တီထွင်မှုများ ပျံ့နှံ့ရာတွင် အဓိက အရေးပါသော အရာ ၄ ခုမှာ ဆန်းသစ်တီထွင်ထားသည့်အရာ၊ ပျံ့ပွားရန်အတွက် ကူးလူးဆက်နွယ်ပုံ၊ အချိန်အခါ နှင့် လူမှုဖွဲ့စည်းပုံ အနေအထား တို့ဖြစ်သည်။

ဆန်းသစ်တီထွင်ထားသည့်အရာ တစ်ခုခုကို လက်ခံသုံးစွဲရာတွင် သုံးစွဲသူ အမျိုးအစား ၅ မျိုး အကြမ်းဖျင်း သတ်မှတ်နိုင်သည်။ ၎င်းတို့မှာ

innovators (၂.၅%) စွန့်ဦး သုံးစွဲသူများ

early adopters (၁၃.၅%) ရှေ့ကနဦး သုံးစွဲသူများ

early majority (၃၄%) စော၍ သုံးစွဲသူ အများစု

late majority (၃၄%) နောက်ကျ သုံးစွဲသူ အများစု

laggards (၁၆%) ခေတ်နောက်ကျသူ

Diffusion of Innovations

 

ဆန်းသစ်တီထွင်မှု တစ်ခုခုကို အစောဆုံးသုံးစွဲသူများသည် (innovators + early adopters) လူအနည်းစုသာဖြစ်ပြီး၊ early majority ပါသုံးစွဲပါမှ စျေးကွက်ရရှိမှု သည် ၅၀% အထိ ရရှိပြီး အနေအထား ကောင်းကာ အောင်မြင်မှုရရှိနိုင်မည်။ ထိုသို့ မရရှိပါက စျေးကွက်အတွင်း အောင်မြင်မှုနှင့်လွှဲနိုင်သည်။

အဓိက စိန်ခေါ်မှုသည် early majority မှ လူများ လက်ခံသုံးစွဲမှုကို ရရှိခြင်းဖြစ်သည်။ Early majority မှ လူများသည် innovators နှင့် early adopters အပိုင်းမှ လူများကဲ့သို့ မဟုတ်ပဲ နည်းပညာ ပစ္စည်း အသစ်အဆန်း တစ်ခုကို လက်ခံသုံးစွဲရန် ပိုမို ချိန်ဆ အချိန်ယူကြသည်။ ထိုကဲ့သို့ စိန်ခေါ်မှုကို Geoffrey Moore ၏ Crossing the Chasm (ချောက်တွင်းနက်ကြီးအား ကျော်လွှားခြင်း) စာအုပ်တွင် အသေးစိတ် သုံးသပ်စမ်းစစ်ထားသည်။

ဥပမာ။ ယခုခေတ်စားနေသည့် bitcoin နှင့် blockchain နည်းပညာကို သုံးသပ်ကြည့်ကြပါစို့။

Bitcoin သည် Satoshi Nakamoto မှ ၂၀၀၈ နှောင်းပိုင်းတွင် စာတမ်းတစ်ခု ထုတ်အပြီး အစပျိုးခဲ့သည်။ Bitcoin ၏ ပေါက်စျေးသည် bitcoin အားစျေးကွက်၏ လက်ခံမှုနှင့် တိုက်ရိုက် အကျိုးဆက်နွယ်နေမည်ဟု ယူဆပါက ၂၀၁၀ နှစ်ဦးပိုင်းမှ ဒေါ်လာ ၁၀၀ အထက်သို့မတက်ခင်အထိ (၂၀၁၂ နှစ်ကုန်ပိုင်း) innovators များလက်ခံသုံးစွဲနေသည်ဟု ယူဆနိုင်သည်။ ထို့နောက် ၂၀၁၇ နှစ်ဦးပိုင်းမှစ၍ ဒေါ်လာ ၁၀၀၀ အထက် ပိုင်းတွင်သာ ရှိနေခဲ့ခြင်းမှာ early adopters များစတင် သုံးစွဲလာခြင်းကြောင့်ဟု ယူဆနိုင်မည်လော။ သို့မဟုတ် စျေးကွက်ကစားခြင်းကြောင့် ဖောင်းပွလာခြင်းလော။

မည်သို့ပင်ဆိုစေ bitcoin နှင့် blockchain နည်းပညာ ပျံ့နှံ့စီးဝင်ပုံကို diffusion of innovations သီအိုရီဖြင့် စျေးကွက်ရရှိနိုင်မည့် အလားအလာကို ခန့်မှန်းသုံးသပ်နိုင်မည်။

ဆိုတော့ကာ အထက်မှာ ဆွေးနွေးခဲ့သည့်အတိုင်း innovation s-curve နှင့် diffusion of innovations တို့ကို အသုံးပြု၍ သင်၏ နည်းပညာအခြေပြု ရောင်းကုန် နှင့် ဝန်ဆောင်မှုတို့ကို စျေးကွက်ရရှိရန်အတွက် ကြိုးစားရာတွင် ၎င်း၊ အခြား ယှဉ်ပြိုင်လာသော ဆန်းသစ်တီထွင်မှုများနှင့် ယှဉ်ပြိုင်ရာတွင် ၎င်း သင့်လျှော်စွာ သုံးသပ်နိုင်မည်ဟု မျှော်လင့်ရင်း။